Labels
Thursday, January 17, 2013
စကားကြီး ဆယ်မျိုး
စကားကြီး ဆယ်မျိုး
စကားပြောဆိုရာ၌ ကျွမ်းကျင်လိမ္မာစေရန် စကားပြောနည်း ၁၀-မျိုးကို ခွဲခြား သတ်မှတ်ထားသည်။ မြန်မာလူမျိုးတို့က စကားကြီး ၁၀-မျိုးဟု ခေါ်ဆိုကြသည်။ ယင်းစကားကြီး ၁၀-မျိုး၏ အမည်ကို မုန်တိုင်ပင်ဆရာတော်က မှတ်သားရလွယ်ကူစေရန် သုံးပုံတံချူကျမ်း၌ အောက်ပါအတိုင်း လင်္ကာစီထားပါသည်။
ရေကူးညာတင်၊
ကောက်ပင်ရိတ်လှီး၊
ရေစီးဖောင်ဆန်၊
အိုးတန်ဆန်ခပ်၊
ဆီပွတ်ကျည်ပွေ့၊
ဆင်ဝှေ့ရန်ရှောင်၊
တောင်သူယာခုတ်၊
ကြက်ဆုတ်ခွပ်ပစ်၊
ရေစစ်သည့်အင်၊
ခက်တင်မောင်းနင်း၊
အခြင်းဆယ်ပါး ဤစကားကို
မှတ်သားဝမ်းတွင်း လေ့စေမင်း။*
**
၁။ ရေကူးညာတင် ပြောနည်းမြစ်တဘက်မှ လိုရာဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာကတင်၍ကူးမှ လိုရာသို့ ရောက်သကဲ့သို့ မိမိအလိုရှိရာသို့ ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းသည် “ရေကူးညာတင်ပြောနည်း” မည်၏။ အူထုံးရောဂါသည်ကို ကုရာ၌ ဇီဝက ပြောသောစကားကို သာဓက ထုတ်အပ်၏။
လင်္ကာ
ရေကူးညာတင်၊ ထုံးပုံပြင်ကို၊ လင်္ကာကျဉ်းရုံး၊ ဓိပ္ပါယ်ကုံးသော်၊ အူထုံးလေငြား၊ သူဌေးသားကို၊ သမားဇီဝက၊ ရက်သတ္တ၀ယ်၊ ကုမည်ရွယ်လည်း၊ မလွယ်လေဟန်၊ အကျယ်ဉာဏ်ဖြင့်၊ ကယ်မှန်ခုနစ်လ၊ အိပ်သော်မှလျှင်၊ ကုမနိုင်မည်၊ သို့ဆိုသည်ကို၊ အလီနှိမ့်ချ၊ လေးငါးလနှင့်၊ သုံးလနှစ်လ၊ တစ်လတိုင်အောင်၊ မစွမ်းဆောင်မှ၊ ရက်သတ္တတွင်၊ မုချမလွဲ၊ အိပ်ပျော်ဆဲဝယ်၊ ၀မ်းခွဲပြီးခါ၊ အူထုံးရာကို၊ လွယ်ကာဖြေရှင်း၊ သွင်းမြဲသွင်း၍၊ နေရင်းတိုင်းသာ၊ ပြီးစေရာသည်၊ ရေကူးညာတင် စကားတည်း။
***
၂။ ကောက်ပင်ရိတ်လှီး ပြောနည်းစပါးရိတ်လျှင် ကောက်ပင်ကို လက်တဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှဖြတ်၍ ရိတ်ယူသကဲ့သို့ တဘက်လူ၏ စကားကို သိမ်းကျုံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်လောက်အောင် ပြောဆိုခြင်းသည် “ကောက်ပင်ရိတ်လှီး ပြောနည်း” မည်၏။ သူဌေးသားနှစ်ယောက်နှင့် ဗျိုင်းပုံဝတ္ထုကို သာဓက ထုတ်အပ်၏။
လင်္ကာ
ကောက်ပင်ရိတ်လှီး၊ ပုံတနည်းမှာ၊ ရှေးအခါဝယ်၊ ဥစ္စာကြွယ်ငြား၊ သူဌေးသားသည်၊ မြှားပစ်ရာဝယ်၊ ဗျိုင်းသူငယ်ကို၊ အလွယ်ဖြင့်သာ၊ ရခဲ့ပါသော်၊ အာသာရှိငြား၊ တဦးသားက၊ ငါ့ဗျိုင်းမှန်လျက်၊ သင့်လက်နက်ကြောင့်၊ အသက်ခန္ဓာ၊ ဆုံးရရှာပြီ၊ သာမညဗျိုင်း၊ ဘောမပိုင်းနှင့်၊ နေ့တိုင်းရက်စဉ်၊ ရွှေစင်တကျပ်၊ ချီလာလတ်၍၊ မပြတ်ငါ့အား၊ ပေးလာငြား၏၊ စကားထိုသို့၊ ဆိုတုံမြို့သော်၊ မချို့ဧကန်၊ အကယ်မှန်မူ၊ ယမန်လူက၊ ထို့တူပေးငြား၊ နှစ်,လ များကို၊ မိန့်ကြားစမ်းပါ၊ ဆိုသောခါလျှင်၊ ကြာရှည်လှပြီ၊ အခါလည်ဟု၊ ပြောသည်ခဏ၊ ရေတွက်ဆသော်၊ သုံးရာ့ခြောက်ဆယ်၊ ထိုရက်ဝယ်တွင်၊ ရွှေစင်သုံးရာ၊ ခြောက်ဆယ်သာပြီ၊ ငါ့အိမ်ရှေ့တွင်၊ ထားသည့်အင်ကို၊ နေ့စဉ်ခိုးယူ၊ သင်မူလက်ခံ၊ သို့ဖြစ်ဟန်ကြောင့်၊ အမြန်ပေးလေ၊ ဆိုတုံလေသော်၊ မနေရွံ့ကြောက်၊ ပေးရမြောက်သည်၊ ကောက်ပင်ရိတ်လှီး စကားတည်း။
***
၃။ ရေစီးဖောင်ဆန်ပြောနည်းဖောင်ကြီးသည် အညာသို့ဆန်သောကာလ လိုရာဆန္ဒရှိသမျှကို တင်ယူ၍ ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာအရပ်သို့ ရောက်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဥပမာ ဥပမေယျတို့ဖြင့် ဖြည်းညင်းသာယာစွာ လိုရာရောက်အောင် ပြောဆိုခြင်းသည် “ရေစီးဖောင်ဆန်ပြောနည်း” မည်၏။ ဟံသာဝတီဘုရင် ရာဇဓိရာဇ်က “အဆွေတော်” ဟု ရေးသားသည်ကို ဒွါရ၀တီမင်းက မကျေနပ်၍ ဟံသာဝတီသားတို့က ပြေလည်အောင် ဖြေရှင်းပုံကို သာဓကထုတ်အပ်၏။
လင်္ကာရေစီးဖောင်ဆန်၊ ပြောဆိုဟန်မှာ၊ ဒွါရာဝတီ၊ ရွှေပြည်သနင်း၊ ဘုရင်မင်းသည်၊ တနင်းသာရီ၊ စစ်မက်ချီ၍၊ နေသည်ခဏ၊ တပ်ကြီးချလျှင်၊ ရာဇာ့ဓိရာဇ်၊ သိတုံလစ်သော်၊ တားမြစ်အံ့ငှာ၊ တောင်းပန်စာဖြင့်၊ ပညာရှိမတ်၊ စေလွှတ်လတ်လျှင်၊ ထိုစာတွင်၌၊ အဆွေတော်ဟု၊ ရေးဖော်လေချက်၊ မနှစ်သက်၍၊ အမျက်ပြင်းစွာ၊ ထွက်သောခါဝယ်၊ ရာဇာဓိရာဇ်၊ သံတော်စစ်က၊ အနှစ်ရသာ၊ အထူးပါအောင်၊ မြတ်စွာဗုဒ္ဓ၊ ပမာပြ၍၊ ဘုရာ့နောင်တော်၊ ဤသို့ခေါ်ဟု၊ ဆွေတော်လည်းစစ်၊ မင်းမဖြစ်မီ၊ အကြည်တော်ဟု၊ မခေါ်ထိုက်ပေ၊ မင်းဧကရာဇ်၊ ထီးဆောင်းဖြစ်မှ၊ ဧကရာဇ်ချင်း၊ ဆက်စာသွင်းသော်၊ အဆွေတော်ဟု၊ ရေးဖော်မြဲပေ၊ လျှောက်တင်လေသော်၊ ရွှေပြည်ဘုရင်၊ သဘောဝင်၍၊ ပြောအင်ဆိုနည်း၊ လွန်မြှောက်ချီးသည်၊ ရေစီးဖောင်ဆန် စကားတည်း။
***
၎။ အိုးတန်ဆန်ခပ်ပြောနည်းအိုးနှင့်ဆန်သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန်နှင့် လိုရင်းရောက်အောင် ပြောဆိုခြင်းသည် “အိုးတန်ဆန်ခပ်” ပြောနည်းမည်၏။ သားရွှေအိုးထမ်းလာသည်ကို မြင်လိုပါသည်ဟု ပြောဆိုသော သုဝဏ္ဏသာမ၏ မိဘနှစ်ပါး ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
အိုးတန်ဆန်ခပ်၊ စကားရပ်ကို၊ မှတ်စိမ့်သောငှာ၊ အလင်္ကာဖြင့်၊ မယ်ပါရိက၊ ဒုကူလတို့၊ ဖြစ်ကြပျက်အင်၊ မျက်မမြင်ကို၊ သက်ငင်ဆွဲကာ၊ သုဝဏ္ဏာလျှင်၊ တောမှာတစေ၊ လုပ်ကျွေးနေ၍၊ ရှည်ကြာကာလ၊ တိုင်ရောက်မှလျှင်၊ ဗာရာ့ပြည့်ရှင်၊ မုဆိုးသွင်က၊ တောခွင်လည်ရာ၊ သုဝဏ္ဏာကို၊ မြင်ပါသော်ငြား၊ ထိုသူ့အားကို၊ သားကောင်အသွင်၊ စိတ်ဝယ်ထင်၍၊ မဆင်ခြင်လစ်၊ လေးနှင့်ပစ်သော်၊ ဆိုးညစ်ကြမ္မာ၊ ကံကြောင့်သာဟု၊ ပြစ်ဆာမတင်၊ မွေးမိခင်နှင့်၊ ဖခင်ကိုသာ၊ လုပ်ကျွေးပါဟု၊ သာယာသံချို၊ လျှောက်ပန်ဆို၍၊ ထိုခဏတွင်၊ ဇီဝိန်ပြတ်ကြွေ၊ သားမောင်သေမှ၊ မိနှင့်ဖတို့၊ ရောက်လာကြလျှင်၊ သိကြားမြင်သော်၊ ပူပင်သောက၊ မရှိကြလင့်၊ သားလှသက်ရှင်၊ မျက်စိမြင်နှင့်၊ ရွှေစင်သပြာ၊ အိုးရတနာကို၊ လိုရာတခု၊ လျှောက်တင်ပြုလော့၊ ယခုအလို၊ ပြည့်အံ့ဆိုလျှင်၊ လိုရာမတ၊ ရွှေအိုးရ၍၊ သားလှမျက်နှာ၊ မြင်လိုပါဟု၊ သုံးဖြာလုံးကို၊ သိမ်းပိုက်ဆိုသည်၊ ဉာဏ်ကို အားကိုး၊ စကားမျိုးသည်၊ အိုးတန်ဆန်ခပ် ပြောနည်းတည်း။
***
၅။ ဆီပွတ်ကျည်ပွေ့ ပြောနည်းဆီကိုရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် ပြောဆိုခြင်းသည် “ဆီပွတ်ကျည်ပွေ့ပြောနည်း” မည်၏။ ဘုရားပိန္နဲတိုင်ကိစ္စ ဆွေးနွေးရာ၌ မန်ကျည်းနှစ် လည်းကောင်း၊ ကျွန်းလည်းကောင်း။ ရှားနှစ်လည်းကောင်း၊ ကျွန်းလည်းကောင်းဟု ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ဆီပွတ်ကျည်ပွေ့၊ ပြောဆိုလေ့မှာ၊ မင်းရာဇာသည်၊ မဟာစေတီ၊ တည်ရာကြံ့ခိုင်၊ ပိန္နဲတိုင်ကို၊ အလိုရှိလစ်၊ မန်ကျည်းနှစ်လျှင်၊ ကျစ်လစ်အသား၊ မာ၏လားဟု၊ မေးငြားသောခါ၊ မန်ကျည်းလည်းမာ၊ ကျွန်းလည်းမာဟု၊ ပညာအလျောက်၊ ဆိုတုံမြောက်၍၊ နောက်ထပ်တခါ၊ ရှားနှစ်သာလျှင်၊ မာပါလိမ့်သား၊ မေးပြန်ငြားသော်၊ ရှားနှစ်ကားမာ၊ ကျွန်းလည်းမာဟု၊ ထပ်ကာမနေ၊ လျှောက်တင်လေ၍၊ မင်းဧကရာဇ်၊ ကျွန်းသားစစ်ကို၊ နှစ်သက်ချမ်းမြေ့၊ ဘောဝယ်တွေ့သည်၊ ဆီပွတ်ကျည်ပွေ့ ပြောနည်းတည်း။
***
၆။ ဆင်ဝှေ့ရန်ရှောင်ပြောနည်းဆင်ဝှေ့မည်ဟု လိုက်လျှင် လွတ်ရာလွတ်ကြောင်း တိမ်းရှောင်က ချမ်းသာသကဲ့သို့ စကားအရာတွင်လည်း မိမိအဖို့ ဘေးရောက်မည့်စကားကို ရှောင်လွှဲ၍ ပြောဆိုခြင်းသည် “ဆင်ဝှေ့ရန်ရှောင်ပြောနည်း” မည်၏။
ရက်မအောက် မြေကြီးထိ ရွှေချထားသော အိမ်ရှေ့မင်း၏ ကျောင်းမှ ရွှေများကို မြို့ဝန်မင်းက အဖျက်ခိုင်းရာ အိမ်ရှေ့မင်းစိတ်ဆိုးသည်ကို ပြေလည်အောင် လျှောက်ထားသော မြို့ဝန်၏ စကားကို သာဓကထုတ်အပ်၏။
လင်္ကာ
ဆင်ဝှေ့ရန်ရှောင်၊ ပမာဆောင်သော်၊ ဘုန်းခေါင်ညီရင်း၊ အိမ်ရှေ့မင်းသည်၊ ကြည်ခြင်းသဒ္ဓါ၊ ကျောင်းဆောက်ရာတွင်၊ တွင်းပြင်ထက်အောက်၊ မြေသို့ရောက်အောင်၊ တပြောင်ပြောင်ပင်၊ အရောင်ဓီးဓီး၊ ယိုစီးမတတ်၊ ရွှေချလတ်လျှင်၊ မြို့ဝန်မြင်သော်၊ မလျော်လေချက်၊ တိုက်ပွတ်ဖျက်၍၊ ရက်မအောက်က၊ မြေသို့ကျမှ၊ သိရသောခါ၊ ဒါယကာလျှင်၊ ပြင်းစွာအမျက်၊ ဒေါသထွက်၍၊ ချက်ချင်းသတ်မည်၊ ခေါ်စေသည်တွင်၊ ရှိဦးတင်လျက်၊ အရှင်ဘုရား၊ သတို့သားလျှင်၊ မင်းဖျားဧကရာဇ်၊ ဖြစ်မည်ဧကန်၊ မုချမှန်၍၊ ထိုယံကာလ၊ ကျောင်းဆောက်မှလျှင်၊ ရွှေချဖို့ရာ၊ ချွင်းသည်သာဟု၊ ပညာရှေ့ဆောင်၊ ရန်ဝှေ့ရှောင်သည်၊ နောက်နောင်မှတ်ရန် စကားတည်း။
***
၇။ တောင်သူယာခုတ်ပြောနည်းတောင်သူတို့သည် ယာခုတ်လျှင် ခြုံငယ်သစ်ပင်ငယ်တို့ကို ဦးစွာရှင်းလင်း ခုတ်ထွင်ပြီးမှ သစ်ပင်ကြီးများကို လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာ စကားငယ်ကိုပြော၍ နောက်မှ စကားကြီးများကို ပြောခြင်းဖြင့် အနိုင်ယူခြင်းသည် “တောင်သူယာခုတ်ပြောနည်း” မည်၏။ အမတ်ကြီးလေးဦးနှင့် မဟောသဓာသုခမိန်တို့ ဥစ္စာနှင့် ပညာ ဘယ်ဟာက မြတ်သည်ဟူသော အငြင်းပွါးပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
တောင်သူယာခုတ်၊ မိန့်ထုတ်ဝစန၊ ပုံဆိုပြသော်၊ ရဋ္ဌ၀ိဒေ၊ ၀ိဓိပြည်၌၊ ၀ိဒေဟရာဇ်၊ မင်းစစ်နရိန်၊ ဘုန်းရာဇိန်၏၊ သုခမိန်ကျော်၊ မဟော်ပညတ်၊ သိန်းအမတ်တို့၊ ဆိုလတ်များစွာ၊ စကားမှာ၌၊ ပညာဓန၊ ထိုနှစ်ဝတွင်၊ ဓနအမြတ်၊ သိန်းအမတ်က၊ ဆိုလတ်သောခါ၊ ပညာသာမြတ်၊ မဟော်မတ်က၊ ထပ်၍တဖန်၊ ဆိုလေပြန်သော်၊ မဟော်သဓာ၊ ငယ်နုစွာမို့၊ မှန်ရာမသိ၊ ဥစ္စာရှိမှ၊ ခယ၀ပ်တွား၊ လူအများတို့၊ စကားနာခံ၊ သိန်းဆိုပြန်သော်၊ မဟော်ဝိဒူ၊ သိတတ်သူက၊ ဓနဥစ္စာ၊ ရှိပေရှာလည်း၊ ရောဂါဥပဒ်၊ ကပ်ငြိသောခါ၊ မသိပါလျှင်၊ ပညာရှိရှေ့၊ ဆည်းကပ်၍သာ၊ မှီခိုလာ၏၊ ပြောပြန်ဘိက၊ ၀ိဒေဟရာဇ်၊ ရှင်မင်းစစ်သည်၊ အနှစ်ဥစ္စာ၊ ရတနာနှင့်၊ ပြည်ရွာရဋ္ဌ၊ အစိုးရ၍၊ များစွာ့လူပေါင်း၊ ခ၀ပ်ညောင်းသည်၊ စကားချီသော်၊ မဟော်သေနက၊ ပဏ္ဍိတက၊ ဗုဒ္ဓမြတ်စွာ၊ စိန္တေယျာမှာ၊ ဥစ္စာမရှိ၊ သို့ဖြစ်ဘိလည်း၊ ဉာဏ်ကြီးမြုတေ၊ ထွန်းတောက်ဝေ၍၊ ဒေ၀,ဗြဟ္မာ၊ မနုဿာတို့၊ ပူဇာမြို့ဟု၊ ဗဟုဝစနာ၊ ပြောကြရာတွင်၊ ရှေးလျှင်အစ၊ သိမ်ငယ်ပဟု၊ နောက်မှကြီးလျှက်၊ သီးသီးတက်၍၊ မိန့်မြွက်ထူထောင်၊ ဉာဏ်စွမ်းပြောင်သည်၊ တောင်သူယာခုတ် စကားတည်း။
***
၈။ ကြက်ဆုတ်ခွပ်ပစ်ပြောနည်းကြက်တို့၏ သဘောသည် ခွပ်မည်ပြုသောအခါ နောက်သို့ ဆုတ်ဟန်ပြု၍ တကယ်ခွပ်သော အခါမှသာ စီး၍ ခွပ်သကဲ့သို့ စကားအရာတွင်လည်း သူ့အလိုကို လိုက်တန်သရွေ့ လိုက်ပြီးလျှင် စီးသာသောအခါမှ စီးလျက် ပြောသောစကားမျိုးသည် “ကြက်ဆုတ်ခွပ်ပစ်ပြောနည်း” မည်၏။ က၀ိသေတ္တုမဉ္ဇူသာကျမ်း၌ ဖော်ပြပါရှိသော တရုတ်ငရွှေကြည်၏ မီးလောင်ခြင်းကိစ္စအတွက် တရုတ်သံများနှင့် အမတ်ကြီး ဦးပေါ်ဦးတို့ အပြန်အလှန်ပြောဆိုပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ကြက်ဆုတ်ခွပ်ပစ်၊ ပြောလစ်ဝစန၊ ရက္ခပုရံ၊ တိုင်းနိုင်ငံက၊ ဉာဏ်ပညာရှိ၊ မတ်က၀ိနှင့် ပြည်ကြီးအင်းဝ၊ နဂရတွင်၊ မတ်လုလင်တို့၊ နိုင်ဖို့စကား၊ စစ်ထိုးငြားသော်၊ နှစ်ပါးပြည်ရွာ၊ စည်ပင်သာဟု၊ နှစ်ဖြာနှစ်ဝ၊ ပြောကြလေရာ၊ ရာသီဆယ့်နှစ်လ၊ လူထိုမျှတို့၊ ပွဲမှမချဉ်း၊ အင်းဝက၀ိ၊ ဆိုလတ်ဘိက၊ ဓည၀တီ၊ တိုင်းရွှေပြည်မှ၊ မတ်ကျော်လှလည်း၊ များစွာ့လူပေါင်း၊ သောင်းသောင်းအုတ်အုတ်၊ ကျွန်ုပ်တို့ကို၊ ကြည့်သည်ဆိုသော်၊ ထိုအင်းဝမတ်၊ ပညာတတ်လည်း၊ ကြီး, လတ်, ငယ်စု၊ ကြည့်ရှုဆိုရာ၊ ဟုတ်ပါလိမ့်မည်၊ နောက်ဆုတ်လည်ရွေ့၊ အချက်တွေ့ကို၊ ကြိုး၍တခါ၊ တို့ပြည်ရွာမှာ၊ ဂဇာပြောင်ဆင်၊ ကကြိုးပြင်၍၊ တနေ့သုံးခါ၊ ရေချပါလည်း၊ ကြည့်လာမရောက်၊ တောဆင်ပေါက်တို့၊ ရောက်လတ်သောခါ၊ ကြည့်တို့ပါ၏၊ ပမာပုံသွင်၊ အမတ်သင်လည်း၊ တောဆင်အလား၊ မယဉ်ပါး၍၊ အများအားထုတ်၊ ကြည့်လိမ့်ဟုတ်သည်၊ ကြက်ဆုတ်ခွပ်ပစ်စကားတည်း။
***
၉။ ရေစစ်ပမာ စကားပြောနည်းဓမ္မကရိုဏ်ခေါ်သော ရေစစ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့်ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တဘက်လူ၏စကားကို ပိတ်မိအောင် ပြောဆိုခြင်းသည် “ရေစစ်ပမာ ပြောနည်း” မည်၏။ သူငယ်လေးယောက်နှင့် သူအိုကြီးတို့ ယုံတမ်းစကားပြောကြားပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ရေစစ်ကရား၊ စကားရုဠီ၊ ပြောကြမည်ဟု၊ ကြံစည်ပြုငြား၊ လေးယောက်သားနှင့်၊ တပါးသူအို၊ သစ္စာဆို၍၊ အလိုမတူ၊ မယုံသူကို၊ ကျွန်မူမသွေ၊ စေစားလေဟု၊ အပြိုင်ပြုက၊ လေးဝယောက်ျား၊ လူငယ်များတို့၊ စကားပေါ့သွပ်၊ မပြောတတ်လျှင်၊ ထပ်၍တဖန်၊ မြွက်ပြန်လေတုံ၊ စကားပုံမှာ၊ ၀ါပင်ကပေါက်၊ လေးယောက်သင်တို့၊ ဆိုလေမြို့သော်၊ မယုံတို့ပါ၊ ပြန်ပြောခါလည်း၊ ကျွန်သာအစစ်၊ ဆိုသည်ဖြစ်လည်း၊ နစ်အံ့ကျွန်တွင်း၊ အရင်းအဖျား၊ ဘိုးသက်ကြားလျှင်၊ ဆီးတားပတ်ရစ်၊ စကားမြစ်သည်၊ ရေစစ်ကရား ပြောနည်းတည်း။
***
၁၀။ ခက်တင်မောင်းနင်း ပြောနည်းသူ့စကားကို ဟုတ်၏လည်းမဆို၊ မဟုတ်ဟုလည်းမဆိုဘဲ မတင်မကျ ပြောဆိုခြင်းသည် “ခက်တင်မောင်းနင်းပြောနည်း” မည်၏။ “ဤသူ ငါ့တူမဟုတ်ဟု မည်သူပြောသနည်း” ဟု တောင်ဖီလာဆရာတော် ပြောကြားပုံကို သာဓက ထုတ်အပ်၏။
လင်္ကာ
ခက်တင်မောင်းနင်း၊ ပြောဆိုရင်းမှန်၊ ယမန်ရှေးခါ၊ မတ်ဗိုလ်ပါတို့၊ ယုတ်မာဆိုးညစ်၊ သူခိုးစစ်ကို၊ သတ်ပစ်အံ့ငှာ၊ ဖမ်းယူရာတွင်၊ သာမညသူ၊ မဟုတ်မူ၍၊ တောင်ဖီလာဆရာ၊ တူရင်းချာဟု၊ ဆိုရှာအတွင်း၊ မတ်ခပင်းလည်း၊ ကပ်ချဉ်းဆရာ၊ လျှောက်တုံပါသော်၊ ဆရာတော်လည်း၊ မြွက်ဖော်ငါ့တူ၊ ပြောလိုက်မူက၊ ငါ့မှာမုသား၊ မလွတ်ငြားချေ၊ မပြောနေလည်း၊ သေအံ့လုလင်၊ ဉာဏ်ဆင်ခြင်၍၊ လုလင်တူရင်း၊ မဟုတ်ခြင်းကို၊ ဘယ်သူဆိုဟု၊ မြွက်ဆိုမိန့်ဟ၊ မျက်မှောင်ချ၍၊ မကျမတင်၊ ပြောသောသွင်သည်၊ ခက်တင်မောင်းနင်း ပြောနည်းတည်း။
***
ရည်ညွှန်း။ ... ။ ဗုဒ္ဓဘာသာ အခြေခံလက်စွဲ ဆယ်စောင်တွဲ
မြန်မာစကား
၎ ပါးစုတွေ
  • ၄ ပါးစု
ကညာ ၄ ရပ်
 ဂေါရီ        -    ရှစ်နှစ်
 ကညာ        -    ဆယ်နှစ်
 ကုမာရီ        -    ဆယ့်နှစ်နှစ်
  မဟလ္လိကာ    -    ဆယ့်နှစ်နှစ်မှ အထက်   
ကျွန်းကြီး ၄ ကျွန်း
    ပြုဗ္ဗ၀ိဟ        -    အရှေ့ကျွန်း    (လ၀န်းသဏ္ဍာန်၊ ယူဇနာ ၇၀၀၀)   
    အပရဂေါရာ    -    အနောက်ကျွန်း    (လ၀န်းသဏ္ဍာန်၊ ယူဇနာ ၇၀၀၀)
    ဥတ္တရကုရု        -    မြောက်ကျွန်း    (လေးထောင့်သဏ္ဍာန်၊ ယူဇနာ ၈၀၀၀)
    ဇမ္ဗူဒီပါ        -    တောင်ကျွန်း    (သုံးထောင့်ပုံသဏ္ဍာန်၊ ယူဇနာ ၁၀၀၀၀)
ကံအပြား ၄ ပါး
    ဂရုကံ            -    ကြီးလေးသော ကံ၊ အမိကို သတ်ခြင်း၊ အဖကို သတ်ခြင်း၊        
                              ရဟန္တာကိုသတ်ခြင်း၊ မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုခြင်း၊
                               သံဃာတော်အချင်းချင်း ကွဲပြားစေခြင်း၊
    အာသန္နကံ       -   သေခါနီးကာလ၌ ပြုအပ် အောက်မေ့အပ်သောကံ
    အာစိဏ္ဏကံ       -  မပြတ်လေ့ကျက်အပ်သောကံ၊ တစ်ကြိမ်တစ်ခါပင်ပြုမိသော်လည်း    
                                မပြတ်စွဲမြဲအောက်မေ့အပ်သောကံ၊
    ကဋတ္တာကံ        -    ရှေးရှေးဘ၀က ပြုခဲ့ဖူးသောကံ၊
စကားအရာ ၄ တန်
    သုဘာသိတ    -    အကျိုးစီးပွားနှင့်ယှဉ်သည့် ကောင်းမြတ်သော စကား
    ပီယ၀ါစာ        -    ချစ်နှစ်လိုဖွယ် ဆိုသော စကား
    ဓမ္မ၀ါစာ        -    တရားတော်နှင့် ညီညွတ်သောစကား
    သစ္စ၀ါစာ        -    ဖြောင့်မှန်သော စကား
စမ အက္ခရာ ၄ လုံး
    စ            -    ဒေါင်းတွင်ရှိ၏
    ဓ            -    ပုစွန်တွင်ရှိ၏
    ဗ            -    ၀ံတွင်ရှိ၏
    ၀            -    ငါးတွင်ရှိ၏
တော်လေးဝ   
    အမရာ            -    မဟော်သဓာ၏ မိဘုရား
    ကိန္နရီ             -      စန္ဒကိန္နရီ
    မဒ္ဒီ                  -           ဝေဿန္တရာမင်းကြီး၏ မိဘုရား
    သမ္ဘူလ           -    သောတ္တိသေန၏ မိဘုရား
နှစ်သက်စေကြောင်း ၄ ပါး
    အလိုရမ္မက်ကြီးသောသူကို ဥစ္စာပေးကမ်းသဖြင့် နှစ်သက်စေရာ၏။
    ဂုဏ်မာန်ခက်ထန်သူကို လက်အုပ်ချီ၍ နှိမ်ချသဖြင့် နှစ်သက်စေရာ၏။
    မိုက်မဲသောသူကို အလိုလိုက်သဖြင့် နှစ်သက်စေရာ၏။
    ပညာရှိကို မှန်သောစကားကိုဆိုသဖြင့် နှစ်သက်စေရာ၏။
ပဋိသန္ဓေ ၄ မျိုး
            -    ဥ၌ တည်၍ဖြစ်သော သန္ဓေ
                  သံသေဒဇ    သစ်ရွက် သစ်ပွင့်၌ ဖြစ်သော သန္ဓေ
            -    အမိဝမ်း၌ ကလလရေကြည်တည်၍ ဖြစ်သောသန္ဓေ
            -    မွေးဖွားခြင်းမရှိ နတ် ဗြဟ္မာတို့ကဲ့သို့ ကိုယ်ထင် ဖြစ်လာသော သန္ဓေ
ပါရာဇိက ၄ ပါး
    မေထုန ပါရာဇိက        -    မေထုန်ဟူသော မမြတ်သော အကျင့်ကို ကျင့်ခြင်း
    အဒိန္နဒါန ပါရာဇိက        -    သူတစ်ပါးဥစ္စာကို ခိုးယူခြင်း
    မနုဿဝိဂ္ဂဟ        -    လူစင်စစ် အသက်ကို သေစေလိုသော စိတ်ဖြင့် သတ်ခြင်း
    ဥတ္တရိ မနုဿဓမ္မ ပါရာဇိက    -    မရသေးသော ဈာန်မဂ်ဖိုလ်တရားတို့ကို ရ၏ဟု ပြောဟောခြင်း
ပျက်စီးကြောင်း ၄ ပါး
    ရသေ့ရဟန်းဖြစ်လျက် အလိုရမ္မကြီး၍ မရောင့်ရဲသူ
    ပြည့်ရှင်မင်းဖြစ်လျက် ရောင့်ရဲလွယ်သူ
    ပြည့်တံဆာမဖြစ်လျက် အရှက်အကြောက်ရှိသူ
    အမျိုးသမီးမြတ်ဖြစ်လျက် အကြောက်မရှိသောသူ
ဖျက်ဆီးတတ်သူ ၄ မျိုး
    ကာကော        -    ကျီးသည် ငှက်သတ္တ၀ါတို့ကို ဖျက်ဆီးတတ်၏။
    မူသိကော        -    ကြွက်သည် အိမ်၌ ဖျက်ဆီးတတ်၏။
    ဗြာဟ္မဏော    -    ပုဏ္ဏားသည် လူတို့ကို ဖျက်ဆီးတတ်၏။
မကောင်းသူ ၄ ယောက်
    ပျင်းရိသောသူ
    ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်း
    မစူးစမ်းသောမင်း
    အမျက်ကြီးသော ပညာရှိ
ကြောင့်ကြသော သတ္တ၀ါ ၄ မျိုး
    ကြိုးကြာငှက်        -    မြေကြီးတုန်လှုပ်အံ့သည်ကို စိုးရိမ်၍ အသာအယာ နင်းသည်။
    မျောက်               -    မြေကြီးပျောက်အံ့သည်ကို စိုးရိမ်၍ တစ်ည သုံးခါဆင်း၍ စမ်းသည်။
    တီ            -               မြေကြီးကုန်အံ့သည်ကို စိုးရိမ်၍ မြေကို ထွေးအံကြသည်။
    တစ်တီတူး            -    မိုးပြိုအံ့သည်ကို စိုရိမ်၍ အိပ်သောအခါ ပက်လက်ခြေမိုးမျှော်၍ အိပ်သည်။
မရောင့်ရဲခြင်း ၄ ပါး   
    မင်းတို့သည် ဥစ္စာ ရွှေငွေများခြင်း၌ မရောင့်ရဲ
    ပညာရှိတို့သည် စကားကောင်းဆိုခြင်း၌ မရောင့်ရဲ
    မျက်စိသည် ချစ်သောသူတို့ကို ကြည့်ခြင်း၌ မရောင့်ရဲ
    သမုဒ္ဒရာသည် ရေပြည့်နေသော်လည်း မရောင့်ရဲ
မိမိမယား၌ ကာမေသုမိစ္ဆာထိုက်ခြင်း ၄ မျိုး
    ရောဂါ၊ ကိုယ်ဝန် အလွန်ရင့်သောအခါ
    မိဘဆရာ သူတကာတို့ မြင်သဖြင့် မသင့်သောနေရာ
    ကျင့်ရိုးမဟုတ်ကျင့်ခြင်း
    ဆေးဝါးမှီဝဲ ရှိမြဲအင်္ဂါထက်လွန်သောအခါ
မိုး ၄ မျိုး
    ခြိမ်းကားခြိမ်း၏၊ မရွာ
    ခြိမ်းကား မခြိမ်း၊ ရွာ၏
    ခြိမ်းလည်းခြိမ်း၏၊ ရွာလည်းရွာ၏
    ခြိမ်းလည်းမခြိမ်း၊ ရွာလည်းမရွာ
မိုးနှင့်တူသော ပုဂ္ဂိုလ် ၄ ယောက်
    ဆိုကားဆို၏ ၊ အမှုကို မပြု
    ဆိုကားမဆို၊ အမှုကို ပြု၏
    ဆိုလည်းဆို၏၊ အမှုကိုလည်းပြု၏
    ဆိုလည်းမဆို၊ အမှုကိုလည်း မပြု
လောက၌ ရှောင်ကြဉ်ရာသည် ၄ ပါး
    ဦးချိုရှိသော သတ္တ၀ါကို အတောင်ငါးဆယ်အကွာမှ ရှောင်ကြဉ်ရာ၏။
    အစွယ်ရှိသော သတ္တ၀ါကို အတောင်တစ်ရာအကွာမှ ရှောင်ကြဉ်ရာ၏။
    ဆင်ကို အတောင် တစ်ထောင်အကွာမှ ရှောင်ကြဉ်ရာ၏။
    လူယုတ်မာကိုကား မိမိ၏နေရပ်ကိုပင်စွန့်၍ ရှောင်ကြဉ်ရာ၏။
ဝေးခြင်း ၄ ပါး
    မဟာသမုဒ္ဒရာသည် တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းဝေး၏။
    နေထွက်ရာတောင်နှင့် နေ၀င်ရာတောင် ဝေး၏။
    ဘ၀ဂ်နှင့် မြေဝေး၏။
    သူယုတ်နှင့် သူတော်ကောင်း ဝေး၏။
အဂတိ ၄ ပါး
    ဆန္ဒာဂတိ        -    ချစ်သဖြင့် တစ်ဖက်သတ် စီရင်ခြင်း
    ဒေါသာဂတိ    -    အမျက်ဒေါသကြောင့် တစ်ဖက်သတ် စီရင်ခြင်း
    ဘယာဂတိ    -    ကြောက်ရွံ့သဖြင့် တစ်ဖက်သတ် စီရင်ခြင်း
    မောဟာဂတိ    -    တွေဝေ၍ တစ်ဖက်သတ် စီရင်ခြင်း
အနန္တ ၄ ပါး
    ကောင်းကင်
    စကြ၀ဠာ
    သတ္တ၀ါ
    သဗ္ဗညုတဥာဏ်တော်
အဖြေ ၄ ပါး
    ဧကံသဗျာကရဏ        -    မေးလျှင် မေးတိုင်းသာ ဖြေခြင်း
    ပဋိပုစ္ဆာဗျာကရဏ        -    တစ်ဖန်မေး၍ ဖြေခြင်း
    ဌပနိယဗျာကရဏ        -    မေးသည်ကိုထား၍ တခြားပုံဆောင်ကာ ဖြေခြင်း
အမျိုး ၄ ပါး
    ခတ္တိယ            -     မင်းမျိုး
    ဗြာဟ္မဏ            -  ပုဏ္ဏားမျိုး
    ဝေဿ            -     ကုန်သည်မျိုး
    သုဒ္ဒ            -          သူဆင်းရဲမျိုး
အမြတ် ၄ ပါး
    အခါတို့တွင် သရဒကာလဟူသော တန်ဆောင်မုန်းလသည် မြတ်၏။
    မိန်းမတို့တွင် အဆင်းလှသော မိန်းမသည် မြတ်၏။
    သားတို့တွင် သားကြီးသည် မြတ်၏။
    အရပ်တို့တွင် မြောက်အရပ်သည် မြတ်၏။
အား ၄ ပါး
    ငှက်တို့၏အားသည် ကောင်းကင်ဖြစ်၏။
    ငါးတို့၏အားသည် ရေဖြစ်၏။
    အားနည်းသူ၏အားသည် မင်းဖြစ်၏။
    ကလေးတို့၏အားသည် ငိုခြင်းဖြစ်၏။
စတုမဓုမျိုး ၄ ပါး
    ထောပတ်
    ပျားရည်
    တင်လဲ
    နှမ်းဆီ        (၄င်း ၄ပါး အမျှစီ၊ နေသို့မဟုတ် မီးဖြင့်ချက်)
Copy from ဖတ်မိပြီး မှတ်မိတာတွေ (http://luminhan.blogspot.sg/2012/05/blog-post_7789.html)